News

နင်းနှိပ်ပေးတတ်တဲ့ အနှိပ်သည်ဆင်လေးတွေနောက်ကွယ်က ခါးသီးဖွယ်အမှန်တရား

ဆိုရှယ်မီဒီယာတွေပေါ်မှာ လူတွေက ဆင်တွေနဲ့ အနင်းအနှိပ်ခံနေကြတာကို တွေ့ဖူးမှာပါ။ တကယ်လို့ စာဖတ်သူကိုယ်တိုင်က ထူးခြားတဲ့အတွေ့အကြုံ စွန့်စားခန်းမျိုးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဆင်အနင်းခံတာဟာ စာဖတ်သူအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် လူတွေကို နင်းတတ်၊ နှိပ်တတ်တဲ့ ဆင်လေးတွေရဲ့နောက်မှာ ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားတွေလည်း ရှိနေပါတယ်။

များသောအားဖြင့်တော့ ဒီလိုဆင်အနင်းအနှိပ်ခံတဲ့ ဓာတ်ပုံမျိုး ဗီဒီယိုမျိုးတွေကို ထိုင်းနိုင်ငံ ဖူးခက်မှာ ရိုက်ကူးထားတာ တွေ့ရမှာပါ။ တစ်ခါတစ်လေလည်း ဆင်တစ်ကောင်က အောက်မှာ ဝမ်းလျားမှောက်ထားတဲ့ လူတစ်ယောက်ပေါ်ကို ခြေထောက်တစ်ချောင်းတင်ပြီး နင်းပေးတာ၊ တစ်ခါတစ်လေလည်း သူတို့ရဲ့နှာမောင်းနဲ့ လူကို အသာအယာဖွဖိပြီး နှိပ်နယ်ပေးနေတာတွေလည်း မြင်ဖူးကြမှာပါ။ ဒီလိုဓာတ်ပုံ ဗီဒီယိုလေးတွေကို သာမန်အတိုင်းကြည့်ရင်တော့ ဆင်လေးတွေဟာ အရမ်းလိမ္မာတာပဲ ၊ နှိပ်တတ်နင်းတတ်လိုက်တာဆိုပြီး ချီးကျူးလောက်စရာပါ။

ဒါပေမယ် အခုလို လူကို နင်းတတ် နှိပ်တတ်ဖို့အတွက် သူတို့လေးတွေဟာ အရမ်းကို ဆင်းရဲပင်ပန်းကြီးစွာ လေ့ကျင့်သင်ကြားခံခဲ့ရပါတယ်။ ဆင်လေးတွေကို သူတို့ငယ်ငယ်လေးထဲက မိခင်ကြီးနဲ့ ခွဲထုတ်ပြီး ထားပါတယ်။ ပြီးတဲ့အခါ ဆင်ပေါက်လေးတွေကို ဒဏ်ရာအနာတရရအောင် လုပ်တာပဲဖြစ်ဖြစ်၊ အချွန်တစ်ခုခုနဲ့ ထိုးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း လှောင်အိမ်ထဲ သော့ခတ်ထားပြီးပဲ ဖြစ်ဖြစ် ထိန်းသိမ်းပြီး သူတို့ကို အစာငတ်ရေငတ်ထားကြပါတယ်။

ဆင်ပေါက်လေးတွေဟာ သူတို့ကို လေ့ကျင့်ပေးနေတဲ့ အခုလိုကာလအတွင်းမှာ အစာငတ်မွတ်တာ၊ ရေငတ်တာ၊ အိပ်ရေးပျက်တာစတဲ့ ဆိုးကျိုးမျိုးစုံကို ခံစားကြရပါတယ်။ တကယ်လို့များ လေ့ကျင့်ရေး အရမ်းပြင်းထန်လွန်းခဲ့ရင် တချို့ဆင်လေးတွေဟာ မခံနိုင်တော့ပဲ သေကုန်တာမျိုးလည်း ရှိပါတယ်။

ဆင်ထိန်းတွေဟာ ဒီလိုရက်စက်တဲ့နည်းလမ်းတွေနဲ့ ဆင်တွေကို ပုံစံပေးကာ ဆင်တွေရဲ့မာန်စိတ်ကို ချိုးချတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ လူတွေကို ဘယ်လိုနင်းနှိပ်ရတာ၊ ကမ္ဘာလှည့်ခရီးသည်တွေကို ဆောင်ယူပြီး လိုက်ပို့ရတာ စတဲ့အချက်တွေကို ဆင်လေးတွေကို သင်ပေးတာပါ။ ဒါကြောင့် ဂရုဏာသက်ဖွယ်ကောင်းတဲ့ သူတို့ရဲ့ ဘဝလေးတွေကို ညှာတာတဲ့အနေနဲ့ သူတို့လေးတွေကို လူတွေရဲ့စိတ်အပန်းဖြေရာသက်သက်အဖြစ် အသုံးမချသင့်ပါဘူး။ အခုဆိုရင်တော့ စာဖတ်သူတွေဟာ အနှိပ်သည်ဆင်ကလေးတွေရဲ့ သနားဖွယ်ကောင်းတဲ့ ဘဝအကြောင်းတွေကို elitereaders ကနေတဆင့်ဖတ်ရှုလိုက်ရတာပဲ ဖြစ်ပါတော့တယ်။

Via. လင်းလင်း (Shwemom.com)

About the author

ShweLight

Leave a Comment